(ရခိုင် မင်းရာဇာကြီးအား သားတော် မင်းခမောင်း ပုန်ကန်သည်တွင် အမတ်ပညာရှိကြီး မဟာပညာဝံသ ဥပမာပြ လျှောက်ထားဖူးသော ပုံပြင် ဖြစ်သည်)
ရှေးသောအခါ ဘုရားလောင်းဆင်မင်းသည် အရန်တစ်ထောင်သော ဆင်တို့နှင့် သစ္စာပြုလျက် နေတော်မူသည်။ အဂေါလဟတ္ထိ ဆင်လည်း ဆင်ပေါက်တစ်ထောင်နှင့် နေလေသည်။
ထိုအခါ ဘုရားလောင်းဆင်မင်းတွင် အမိန္နကဟူသော ညီတော်ရှိသည်။ အမိန္နကဆင်ကို အဂေါလဆင်က လှည့်ပတ်လျက် 'အရွယ်ကောင်းစွာ သန်မာသောကာ၌ မင်းမူရမှသာ ကျေးဇူးထွန်းရန် ရှိနိုင်သည်။ အိုသောအခါ ပဇာအကျိုးရှိအံ့နည်း။ နောင်တော်ဆင်မင်းကို ပြစ်မှာစေ' ဟု ဂုန်လျှောစကား ဆိုလေသည်။
ညီတော် အမိန္နကလည်း ယုံမှား၍ အဂေါလပေးသော နောက်ပါ ဆင်ရန်ငါးရာကို သင်းပြုယူလျက် ချီလာသည်။ ဆင်မင်းက သင်းပင်းတို့အား ငြိမ်စွာနေစေ၍ ကိုယ်တိုင်သာ 'ငါ့ဘုန်းလက်ရုန်းကို သိစေအံ့' ဟု ယှဉ်ပြိုင်ခံလေသည်။
စီးချင်းထွက်၍ ခုခံတိုက်ခိုက်သောအခါ ငါးရာသော ဆင်တို့မခံနိုင်ခြင်းကြောင့် ထွက်ပြေးရှောင်ရှားကြလေသည်။ ညီတော်ကိုကား လက်ရဖမ်းမိလေသည်။ အကြံပေးသော အဂေါလဆင်လည်း ကြောက်လန့်၍ နေရာလွှဲပြောင်း ပြေးသွားလေသည်။
ထိုအခါ အဂေါလ ဆင်၏ သင်းပင်းတစ်ဝက် ဘုရားလောင်းဆင်မင်းထံ ခိုလှုံဝင်ရောက်ဝင်ရောက်လာကြလေသည်။ ထိုထိုတောတောင်ကို မှီတင်းပြုလျက် နေကြသော ဆင်တို့သည်လည်း ကြောက်လန့်၍ ၀င်ရောက်လာကြပြန်လေသည်။
ထိုအခါကာလ ညီတော်အား ဘုရားလောင်းဆင်မင်းက မိန့်ကြားတော်မူသည်ကား 'ငြိမ်စာနေသော ကာလ၌ ငါဘုန်းလက်ရုန်းကို အများဆင်တို့ မသိကြ၍ မကြောက်မလန့်ကြကုန်။ ငါ့ညီတော် အမိန္နကသည် နောင်တော် ခွန်အားဗလ ကြီးကျယ်ကြောင်းကို အများသိအောင် ပြသပြုလုပ်သည်တွင်မှ ဆင်အပေါင်းတို့ ၀င်ရောက် ခိုလှုံလာကြသည်။ ဤသည့်အဖြစ်မှာ ညီတော်အမိန္နက. ကျေးဇူးပင် ဖြစ်သည်' ဟု ပြောလျက် ညီတော်အား ဆင်မင်းက ချီးမွမ်းက ချီးမွမ်းခဲ့လေသတည်း။
(၁) ဓည၀တီ ရာဇ၀င်သစ်၊ စာ - ၂၁၃။
(၂) ရခိုင် ရာဇ၀င်သစ်၊ (ဒုအုပ်) စာ - ၁၅၅။